top of page
Search

UNODC ၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ဝေခြင်း အခမ်းအနားသို့ တက်ရောက်


UNODC ၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ဝေခြင်း အခမ်းအနားသို့ ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

(၂၄-၁-၂၀၂၃ ရက်၊ ဗီယင်နာ)

(၃၂) ကြိမ်မြောက် ရာဇဝတ်မှု တားဆီးရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကော်မရှင် (CCPCJ) အစည်းအဝေးအနေဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (၂၀၂၂ ခုနှစ်) အား ထုတ်ဝေသည့် အထူးအခမ်းအနားကို ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ၂၄-၁-၂၀၂၃ ရက်တွင် ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း နှင့် သံမှူး ဦးရဲမောင်သိမ်း တို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ အမြဲတမ်းကိုယ်စားလှယ်များနှင့် ယင်းအဖွဲ့ရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ UNODC ၏ အမှုဆောင်ဒါရိုက်တာ Ms. Ghada Waly က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် လူကုန်ကူးမှုမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းကာလအတွင်း လူကုန်ကူးမှု ကျူးလွန်ရန် အခွင့်အရေးနည်းခဲ့ပြီး၊ အမှုဖော်ထုတ်ရေး၊ ကယ်ဆယ်ရေးနှင့် တရားစီရင်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများဘက်တွင်လည်း အားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အစီရင်ခံစာတွင် ၁၄၁ နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များပါဝင်ပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အကြား ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို အခြေခံ၍ နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာ့အဆင့် လူကုန်ကူးမှု ပုံစံနှင့် စီးဆင်းမှုများအား ခြုံငုံသုံးသပ်ထားကြောင်း၊ လူကုန်ကူးမှုများအား ထိရောက်စွာ တုံ့ပြန်နိုင်ရေးဆိုင်ရာ အကြံပြုချက်များလည်း ပါရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အများပြည်သူဖျော်ဖြေရေးနေရာများ ပိတ်ထားခဲ့ရာ လူကုန်ကူးမှု ကျူးလွန်သူများအနေဖြင့် ကိုယ်ပိုင်တိုက်ခန်းများနှင့် ဟိုတယ်များကိုသာ အသုံးပြုကြခြင်း၊ အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကြောင့် လူကုန်ကူးမှုခံရသူများအား ရှာဖွေဖော်ထုတ်ရန် ခက်ခဲခဲ့ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Ms. Ghada Waly က ၂၀၂၂ခုနှစ်တွင် ရုရှား-ယူကရိန်းပြဿနာကြောင့် ယူကရိန်းနိုင်ငံမှ နေရပ်စွန့်ခွာလာသူ ၇ သန်းကျော်၊ ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ဒုက္ခသည် ၈ သန်းကျော်နှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း၌ နေရပ်စွန့်ခွာသူ ၇.၁ သန်းကျော် အသီးသီးဖြစ်ပေါ်လာခဲ့ရကြောင်း၊ ၎င်းတို့သည် လူကုန်ကူးမှုခံရနိုင်သည့် အလားအလာရှိနေပါကြောင်း၊ လူကုန်ကူးမှုများတွင် အမျိုးသမီးနှင့် ကလေးသူငယ်များသည် ပိုမိုအကြမ်းဖက်ခံရပါကြောင်းနှင့် ယခုအခါ ယောက်ျားလေးများနှင့် အမျိုးသားများသည်ပင် လူကုန်ကူးခံရမှု များပြားလာသည်ကို တွေ့ရှိရပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် UNODC ၏ သုတေသနဌာနခွဲနှင့် လူကုန်ကူးမှုနှင့် တရားမဝင် ရွှေ့ပြောင်းမှုဆိုင်ရာ ဌာနစိတ်တို့မှ ဌာနကြီးမှူးတို့က အစီရင်ခံစာနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

 
 
 

Commenti


Subscribe Form

Thanks for submitting!

+420233331577

©2019 by Myanmar Embassy Prague. Proudly created with Wix.com

bottom of page