မုန်တိုင်းဘေးသင့်ပြည်သူများထံသို့ ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံ
- ME Prague
- May 23, 2023
- 1 min read
(၂၃-၅-၂၀၂၃ ရက်၊ ရန်ကုန်)

ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimalalakshana ၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍ နှင့် ထိုင်းပြည်သူများမှ “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများနှင့် အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင် များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များ ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C-130 လေယာဉ်နှစ်စင်းသည် ၂၃-၅-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါသည်။
လေဆိပ်သို့ရောက်ရှိလာသည့် အကူအညီပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်း ဝိစစ်စတန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားနှင့် ထိုင်းပြည်သူတို့မှ လှူဒါန်းသည့် တန်ချိန် (၂၀) ခန့် ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား “မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပေးပို့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Commentaires